သီချင်းဆိုမယ်

ကျန်းမာရေး

ဒီနေ့ခေတ်ကျန်းမာရေး

ကျန်းမာရေး စောင့်ရှောက်မှု ပုံစံတွေ နည်းစနစ်တွေဟာ ခေတ်ကို လိုက်လို့ တော်တော်ကို ပြောင်းလဲလာနေပါပြီ။ ကျွန်တော် ဆရာဝန်ပေါက်စကနဲ့ အခုခေတ် ကျန်းမာရေးရာ ကိစ္စတွေကို နှိုင်းယှဉ်လိုက်မယ်ဆိုရင် လုံးဝကို မတူအောင် ပြောင်းလဲ တိုးတက်လာတယ်ဆိုတာကို တွေ့ရပါတယ်။ အဲဒါဟာ ဘာလို့လည်း ဆိုတော့ ဆေးပညာ၊ သိပ္ပံပညာ ဘာသာရပ်ဆိုင်ရာတွေရဲ့ တိုးတက် ပြောင်းလဲမှုကြောင့်ပါပဲ။ အင်္ဂလိပ်လို ပြောရမယ်ဆိုရင်တော့ (Explosion of knowledge) လို့ ဆိုပါတယ်။ အဲဒါကို တိုက်ရိုက် ဘာသာပြန်ရမယ်ဆိုရင်တော့ ပညာရပ်ဆိုင်ရာ ပေါက်ကွဲမှုလို့ အဓိပ္ပါယ် ရပါတယ်။ ဆိုလိုတာက ပညာရပ်ဆိုင်ရာ တိုးတက်မှုတွေဟာ မတန်တဆကို ဖြစ်ပေါ်နေပြီး အသစ်တွေ ထူးထူးခြားခြား ပြောင်းလွဲမှုတွေဟာ သာမန် တိုးတက်နေတယ်ဆိုတာမျိုး မဟုတ်တော့ပဲ တကယ့်ကို လိုက်လို့မမီအောင်ကို တိုးတက်နေတယ်လို့ ပြောချင်လို့ (explosion) လို့ သုံးနှုန်းလိုက်တာပါ။
အဲဒီလို ဆေးသိပ္ပံပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်နေတော့ ဘာအကျိုးဆက် ဖြစ်ရပ်တွေ ဖြစ်ကုန်သလည်း ဆိုတာကို စဉ်းစားကြည့်ပြီး ကျွန်တော့်အတွေး၊ ကျွန်တော့်အမြင်တွေကို ရေးပြ၊ ပြောပြရမယ်ဆိုရင် ဒီလိုပြောင်းလွဲမှုတွေကြောင့် အကျိုးဆက်သက်ရောက်ပြီး အဓိက ပြောင်းလွဲသွား တာ(၃)ခုကတော့ (က) ကျန်းမာရေး ကုသမှု စရိတ် (Health care cost)၊ (ခ) ကျန်းမာရေး ကုသမှုပေးတဲ့ ဝန်ထမ်း (Health care provider) နဲ့ (ဂ) လူနာတွေ (patients)  ဖြစ်တယ်လို့ ထင်မိပါတယ်။
(က) ကျန်းမာရေး ကုသမှု စရိတ် (Health care cost)
ကျွန်တော်ကလေးဘဝ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့မှာ နေတုန်းက ဆေးခန်းသွားရတာနဲ့ အခုခေတ် ဆေးခန်းတစ်ခုကိုသွားပြီး ဆေးကုရတဲ့ စရိတ်တွေဟာ တခြားစီပါ။ ဘယ်လိုကွာခြားလည်းဆိုတာကို ကျွန်တော့်ကိုယ်တွေ့နဲ့ နှိုင်းယှဉ်ပြီး ပြောချင်ပါတယ်။
ကျွန်တော် လူမှန်းသိတတ်စအရွယ် ဝမ်းတွင်းမြို့မှာ ဝမ်းတွင်းဆေးရုံက ပန်ချာပီ ကုလား ဆရာဝန်ကြီးဟာ ဝမ်းတွင်းမြို့ရဲ့ တစ်ဦးတည်းသော ဆရာဝန်ပါ။ ဆေးရုံမှာ အဲဒီ ပန်ချာပီ ဆရာဝန်ကြီးရယ်၊ သူနာပြု ဆရာမဒေါ်အေးရယ်၊ ကွန်ပေါင်ဒါ ဦးထွန်းအောင်ရယ် စုစုပေါင်း ဝန်ထမ်း (၃)ယောက်ပဲ ရှိပါတယ်။
ဝမ်းတွင်းဆေးရုံမှာ စမ်းသပ်ကိရိယာဆိုလို့ ဓါတ်ခွဲခန်းလည်း မရှိ၊ ဓါတ်မှန်လည်း မရှိ၊ ECG ဆိုတာ ဝေလာဝေး၊ တကယ့်ကို ဘာမှမရှိတဲ့ ဆေးရုံပါ။ ဝမ်းတွင်းဆေးရုံတင် အဲလို အခြေအနေမျိုးလား ဆိုတော့ မဟုတ်ပါဘူး။ အဲဒီတုန်းက မြန်မာနိုင်ငံတစ်နိုင်ငံလုံးက မြို့နယ်ဆေးရုံလေးတွေဟာ အဲလို အခြေအနေမျိုးတွေပါပဲ။
ဝမ်းတွင်းမြို့ ဆေးရုံလေးဟာ တစ်ထပ်တိုက်လေးပါ။ အဲဒီဆေးရုံလေးရဲ့ နောက်မှာ ဆရာဝန်ကြီး အိမ်ရှိပါတယ်။ အဲဒီခေတ်က ဆရာဝန်အိမ်ဆိုတာ ခါးလောက်ရှိတဲ့ ခြေတံအမြင့်လေးနဲ့ တစ်ထပ် ပျဉ်ထောင်အိမ်လေးပါ။ နေမကောင်းဘူးဆိုရင် ဆရာဝန်ကြီး အိမ်ကိုသွားပြရပါတယ်။ 
ဆရာဝန်ကြီးဟာ ဆေးခန်းလို့ သီးသန့်ဖွင့်ထားတာ မရှိပါဘူး။ လူနာတွေကို သူ့အိမ်မှာပဲ ကြည့်ပါတယ်။ ဆရာဝန်ကြီး လူနာကြည့်တဲ့အချိန်ဟာ ဘယ်အချိန်လည်းဆိုတော့ ဆရာဝန်ကြီး အိမ်မှာ ရှိတဲ့ အချိန်ပါပဲ။ ဆရာဝန်ကြီးဟာ မနက်၊ နေ့လည်၊ ညနေ၊ ည သူ့အိမ်မှာ အချိန်မရွေး လူနာ လက်ခံ ကြည့်လေ့ရှိပါတယ်။ ဆိုလိုတာက ဆရာဝန်ကြီးနဲ့ ဆေးရုံမှာ ပြချင်ရင် ဆရာဝန်ကြီး ဆေးရုံမှာ ရှိတဲ့ အချိန်ကို သွားပြ၊ ဆရာဝန်ကြီးနဲ့ သီးသန့်ပြချင်ရင် သူ့အိမ်ကိုသွားပြပေါ့။
ဆရာဝန်ကြီးဟာ ညနေစောင်းတာနဲ့ ကွန်ပေါင်ဒါ ဦးထွန်းအောင်ကို နောက်ကတင်ပြီး သူ့ဆိုင်ကယ်နဲ့ ဝမ်းတွင်းတစ်မြို့လုံးကို ပတ်တော့တာပါပဲ။ အိမ်ကို ပင့်ထားတဲ့ (Home Visit ) လူနာတွေကို လိုက်ကြည့်တာပါ။ အဲလို ပုံမှန် ညနေအိမ်တွေကို လိုက်ကြည့်တဲ့အပြင် အရေးပေါ် အိမ်ကို ပင့်ရင်လည်း လိုက်ကြည့်ပါသေးတယ်။
အဲဒီ ပန်ချာပီ ဆရာဝန်ကြီး အိမ်ကို သွားပြရင် ဆေးထိုးတာကော စားဆေးတွေကော စမ်းသပ်ခ အပါအဝင် အားလုံးကို (၃)ကျပ်ပေးရပါတယ်။ အိမ်ကိုပင့်ရင်တော့ ခြေကြွခ (၅)ကျပ်ပေးရပါတယ်။
ခြေကြွခဆိုတာ ဆရာဝန် အိမ်ကို လာကြည့်တဲ့ အခကို ပြောတာပါ။ ခြေကြွခထဲမှာ ဆရာဝန်ကြီး လူနာကို စမ်းတဲ့ အခ၊ ဆေးထိုးတာ၊ စားဆေး အားလုံး အပါအဝင် ပေးရတာပါ။
အခုပြောခဲ့သလိုပဲ အဲဒီခေတ်က ဝမ်းတွင်းမြို့မှာ ဆေးကုတယ်ဆိုတာ ဆေးဖိုးနဲ့ စမ်းသပ်ခပဲ ရှိပါတယ်။ ဝမ်းတွင်းမြို့မှာ လူနာကို စမ်းသပ်စစ်ဆေးတယ် ဆိုတဲ့ (investigation) ဆိုတာတွေ လုံးဝမလုပ်ပါဘူး။ လုပ်စရာလည်း မရှိပါဘူး။ ဆရာဝန်က လူနာကို ရောဂါဖြစ်စဉ် မေးပြီး သူ့လက်နဲ့စမ်း၊ နားကြပ်နဲ့ နားထောင်ပြီး ကုတာပါ။ အဲတော့ ဝမ်းတွင်းက လူနာတွေ အတွက် (Health care cost) ဆိုတာ ဘာမှကို သိပ်မဖြစ်လောက်ပါဘူး။
အခုခေတ်မှာတော့ ဝမ်းတွင်းလို မြို့လေးမှာတောင် ဓါတ်မှန် ဓါတ်ခွဲခန်းတွေ ရှိနေပြီး လိုရင်လိုသလို စမ်းသပ်စစ်ဆေးပါတယ်။ နည်းနည်း တတ်နိုင်တဲ့သူဆိုရင်တော့ မန္တလေး၊ မိတ္ထီလာကို လွှတ်ပြီး တယ်လီဗီရှင်းဓါတ်မှန် ရိုက်၊ ဟိုဟာတွေစစ်၊ ဒီဟာတွေစစ်ခိုင်းတာဆိုတော့ အခုခေတ် ဝမ်းတွင်းက လူနာတွေဟာ ကျွန်တော်ကလေးဘဝက လူနာတွေလို မဟုတ်တော့ပဲ ဆရာဝန်စမ်းသပ်ခ၊ ဆေးဖိုးအပြင် ဆေးဘက်ဆိုင်ရာ စမ်းသပ်စစ်ဆေးခတွေနဲ့ကို တော်တော်လေး ကုန်ကြတော့မှာပါ။
ဒေါက်တာခင်မောင်ဝင်း(အသည်း)

မိသားစုကျန်းမာရေး

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အစာအိမ်အူလမ်းကြောင်း
(Gastro Intestinal Tract)

Gastrointestinal လို့ခေါ်တဲ့ အစာအိမ်အူလမ်းကြောင်းကို GI လို့ အတိုခေါ်ကြပါတယ်။ အစာအိမ်အူလမ်းကြောင်းလို့ အစာအိမ်နဲ့ အူကိုပဲထည့်ပြီး နာမည်တပ်ပြောထားပေမယ်လို့ ဒီလမ်းကြောင်း ထရက် (tract) ကြီးဟာ ပါးစပ်ကစပြီး စအိုမှာ ဆုံးတာပါ။ ပါးစပ်ကနေ စအိုအထိ ပေ(၁ဝဝ) နီးပါးရှိပါတယ်။ လူတစ်ယောက် နေ့စဉ် စားလိုက်တဲ့ အစားအစာတွေကို ဒီလမ်းကြောင်းကြီး တစ်လျှောက်လုံးမှာ သူ့နေရာနဲ့သူ အလုပ်လုပ်သွားပြီး ချေသင့်တဲ့ နေရာမှာချေ၊ စုပ်ယူသင့်တာတွေကို စုပ်ယူ၊ နောက်ဆုံးခန္ဓာကိုယ်အတွက် မလိုတာတွေကို ဖီးဆိစ် (faeces) လို့ ခေါ်တဲ့ မစင်အနေနဲ့ စအိုကနေ စွန့်ပစ်တာပါ။ ဒီလို အစာအိမ်အူလမ်းကြောင်းကြီးတစ်လျှောက်လုံးမှာ သူ့နေရာနဲ့သူ အလုပ်တွေလုပ် သွားတာဟာ ဘာနဲ့တူသလဲဆိုတော့ မော်တော်ကားတွေထုတ်တဲ့ အဆင်ဘလီလိုင်း (assembly line) လိုပါပဲ။ အဆင်ဘလီလိုင်းပေါ်မှာ ကုန်ကြမ်းထည်ကားကြီး ရောက်လာပြီးတော့ သူ့နေရာနဲ့သူ မီးလုံးတွေတပ်၊ ဆေးတွေမှုတ်၊ မလိုတဲ့ဂျီးတွေချွတ်နဲ့ ကားကြီးရွေ့သွားလိုက်တာ လိုင်းလည်းဆုံးရော ကုန်ချောဖြစ်တဲ့ ကားအသစ်တစ်စင်း ရလာတာပါ။ ဒီလိုပါပဲ ပါးစပ်ထဲကိုဝင်သွားတဲ့ အစားတွေဖြစ်တဲ့ ပရိုတိန်း၊ ကစီဓါတ်၊ အဆီတွေတင် မဟုတ်ပါဘူး၊ အရက်၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆေးအမျိုးမျိုးစတဲ့ ကုန်ကြမ်းပစ္စည်း အားလုံးကို ဒီလမ်းကြောင်းကြီးတစ်လျှောက်လုံးမှာ ခန္ဓာကိုယ်အတွက် အကောင်းဆုံးဖြစ်အောင် လိုသလိုပြုပြင်သွားပြီး ခန္ဓာကိုယ်က သူလိုချင်တာကိုပဲ ယူပါတယ်။ မလိုတာတွေကိုတော့ ချေဖျက်ပြီး နည်းအမျိုးမျိုးနဲ့ စွန့်ပစ်ပါတယ်။ ဒီလို ပြုပြင်ထိန်းသိမ်း စွန့်ပစ်ရေး လမ်းကြောင်းကြီးမှာ ဘေးက အထောက်အကူပစ္စည်းတွေ ပါပါသေးတယ်။ ကားအဆင်ဘလီလိုင်းမှာ ဘေးက ဂဟေဆော်တာ၊ ဆေးမှုတ်တာစတဲ့ အထောက်အကူ ပစ္စည်းတွေ လိုသလိုပေါ့။ အစာအိမ်အူ လမ်းကြောင်းကြီးဟာ သူ့လုပ်ငန်းတွေလုပ်ဖို့ တံတွေးဂလင်း၊ သည်းခြေအိတ်နဲ့ သည်းခြေရည်၊ ပန်ကရိယနဲ့ ပန်ကရိယအရည်တွေလိုပါသေးတယ်။ ဒီအစာအိမ်အူလမ်းကြောင်း အကြောင်းပြောရမယ်ဆိုရင် ဒီလမ်းကြောင်းကြီး ဘာအစိတ်အပိုင်းတွေပါလဲဆိုတာ အရင်ဆုံးပြောချင်ပါတယ်။
အစာအိမ်အူလမ်းကြောင်း (Gastrointestinal Tract)
၁။     ပါးစပ်
မောက်သ် (mouth)
၂။     အစာမျိုရေမျိုလမ်း
ဖေးရင့် (pharynx)
၃။     အစာမျိုပြွန်
အီဆိုဖေးဂပ်စ်  (oesophagus)
၎။     အစာအိမ်
စတမ်းမာ့(ခ်) (stomach)
၅။     အူသိမ်
စမောလ်အင်တက်စ်တင်း (small intestine)
အူသိမ်မှာ သုံးပိုင်းရှိပါတယ်။
(က) ဒျူအိုဒီနမ် (မ်) (duodenum)
(ခ) ဂျေဂျူနမ် (jejunum)
(ဂ) အီလီယမ် (ilium)
၆။     အူမကြီး
ကိုလုံ (colon) (သို့) (large intestine)
၇။     စအို
ရက်တမ် (rectum)
၈။     စအိုဝ
အေးနပ်စ် (anus)

အစာအိမ်အူလမ်ကြောင်း အထောက်အကူပြုအော်ဂင် (organ)တွေ
၁။    တံတွေးဂလင်း
ဆလိုက်ဗာရီဂလင်း (salivary gland)
၂။    သည်းခြေအိတ်
ဂေါလ်ဘလာဒါ (gall bladder)
၃။    ပန်ကရိယ (pancreas)

(ယခုခေတ်မှာ ပြည်သူတွေဟာ ကိုယ်နဲ့ကိုယ့်မိသားစုရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်နိုင်ဖို့ ဆေးပညာနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သိထားသင့်ပါတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ ဘာတွေလုပ်တယ်၊ ရောဂါရှာဖွေရေး နည်းစနစ်တွေက ဘာတွေရှိတယ်၊ ပြီးတော့ ရောဂါလက္ခဏာတွေနဲ့ ရောဂါတွေက ဘယ်လိုဆိုတာတွေကို ပြည်သူတွေ သိသင့်သလောက် သိထားနိုင် အောင်ရေးနေပါတယ်။)

လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဘာလုပ်ကြသလဲ
အသည်း
အသည်းဆဲလ်တွေသေတာ

အသည်းရဲ့လုပ်ငန်းတာဝန်တစ်ရပ်ကတော့ အသည်းရဲ့ဆဲလ်တွေ ပွားနှုန်းကို ထိန်းချုပ်ထားတာပါ။ လိုရင် လိုသလို ဆဲလ်ပွားနှုန်းကို တိုးမြှင့်ပေးရတယ်။ ဆဲလ်တွေပွားနှုန်း သိပ်များရင်လည်း ဆဲလ်တွေကို သေပစ်ခိုင်းပြီး အသည်းကြီးတစ်ခုလုံးမှာရှိတဲ့ ဆဲလ်ပမာဏကို ကန့်သတ် ထိန်းသိမ်းထားရတာပေါ့။ အဲလိုသာ ဆဲလ်ပွားနှုန်းကို ကန့်သတ်ချုပ်ကိုင်မထားနိုင်ရင် အသည်းဆဲလ်တွေပွားချင်သလို ပွားပြီး အသည်းဟာ သူ့ပုံစံကိုသူ ထိန်းမပေးနိုင်တော့ဘဲ အသည်းထဲမှာ အလုံးတွေဖြစ်လာနိုင်ပါတယ်။ အဲလို အထိန်းမဲ့ ဗရမ်းပတာ ဆဲလ်တွေပွားတာကို ကင်ဆာလို့ခေါ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ဆဲလ်တွေ၊ မလိုအပ်တဲ့ဆဲလ်တွေကို သေသင့်တဲ့ အချိန်မှာ နီခရိုးဆစ်(စ်) (Necrosis) ဒါမှမဟုတ် အေပေါ့ပ်တိုးဆစ်(စ်) (Apoptosis) ဆိုတဲ့ သေနည်း နှစ်နည်းထဲက တစ်နည်းနည်းနဲ့ သေခိုင်းပါတယ်။
နီခရိုးဆစ်(စ်) (Necrosis)
ဂရိလို Necrosis ဆိုတာ သေတာကို ပြောတာပါ။ နီခရိုးဆစ်(စ်)ဟာ အသည်းဆဲလ်တွေကို သတ်တာ မားဒါး (murder) ပါ။ အသည်းဆဲလ်ကို အစိတ်စိတ် အမွှာမွှာ ပျက်ဆီးသွားပြီး သေအောင် လုပ်ပစ်လိုက်တာပါ။ ဒီလိုသေနည်းအပြင် အရက်၊ ဗိုင်းရပ်စ်စတဲ့ အသည်းကို တိုက်ခိုက်တဲ့၊ ဒဏ်ရာ ရစေနိုင်တဲ့ဟာ တစ်ခုခုကြောင့်လည်း သေနိုင်တယ်။ ဒါမှမဟုတ် အသည်းထဲမှာရှိတဲ့ သတ်ဖြတ်ရေးသမား လင်ဖိုဆိုက် (lymphocyte) သွေးဖြူဥတွေက အသည်းဆဲလ်တွေကို သတ်ပစ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ ဥပမာ အသည်းဆဲလ်တွေထဲမှာ ဗိုင်းရပ်စ်ဝင်နေပြီ ဆိုပါစို့။ ခန္ဓာကိုယ်က အဲဒီ အသည်းဆဲလ်ကို သစ္စာဖောက် ရန်သူ့လက်ခံဆိုပြီးတော့ သတ်ဖြတ်ရေးသမား ဆဲလ်တွေနဲ့သုံးပြီး သတ်ပစ်ရတယ်။ အဲလို အသည်းဆဲလ်တွေ အသတ်ခံရလို့ သေတာကို နီခရိုးဆစ်(စ်)လို့ ခေါ်ပါတယ်။ ဆဲလ်တစ်ခုလုံး ပျက်စီးပေါက်ကွဲပြီး အသည်းဆဲလ်ထဲက အစိတ်အပိုင်းတွေ ဘေးပတ်ဝန်းကျင်ကို ပျံ့လွင့်သွားတယ်။ ဒါကြောင့် နီခရိုးဆစ်(စ်)နည်းနဲ့ အသည်းဆဲလ်တွေသေတယ်။ အသတ်ခံရတယ်ဆိုရင် အသည်းထဲမှာ ရှုပ်ပွပြီး အသည်းရောင်တာဖြစ်တတ်တယ်။

အေပေါ့ပ်တိုးဆစ်(စ်) Apoptosis
အခုခေတ်ဆေးပညာစာအုပ်တွေကို ဖတ်မယ်ဆိုရင် အေပေါ့ပ်တိုးဆစ်(စ်) ကို မသိလို့ မဖြစ်ပါဘူး။ Apo ဆိုတာ ဂရိလို off ဘေးကို ဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ ptosis တိုးဆစ်(စ်) ဆိုတာကတော့ falling ပြုတ်ကျတယ်၊ အောက်ကို ပြုတ်ကျသွားတယ်လို့ အဓိပ္ပါယ်ရပါတယ်။ နှစ်ခုပေါင်း အဓိပ္ပါယ်ရောက်တော့ အလိုလို ပြုတ်ကျသွားတယ်၊ သေသွားတယ်ပေါ့။ အေပေါ့ပ်တိုးဆစ်(စ်) ကတော့ ပုံမှန် အနေအထားမှာ အသည်းအတွက် မရှိမဖြစ် သိပ်ကို အသုံးကျတဲ့ သေနည်းတစ်နည်းပါ။ နီခရိုးဆစ်(စ်)သေနည်းမှာ အသည်းဆဲလ်တွေ အသတ်ခံရတာလို့ ရှေ့မှာပြောခဲ့ပါတယ်။ အေပေါ့ပ်တိုးဆစ်(စ်)ကတော့ ကိုယ့်ဘာသာ ကိုယ် သတ်သေတာ ဆူအီဆိုက် (suicide) ပါ။ အသည်းဆဲလ်တွေ အသက်ကြီးလာတယ်၊ ဒါမှမဟုတ် အသည်းအတွက် လိုအပ်တဲ့ ပမာဏထက် ပိုနေတယ်ဆိုရင် အဲလို မလိုတဲ့ ဆဲလ်တွေကို အသည်းကနေ ကိုယ့်ဘာသာကိုယ် သတ်သေဖို့ အမိန့် (death command) ပေးလိုက်ပါတယ်။ အဲဒီအမိန့်ဆိုတာ စာတွေ ပေတွေရေးပြီး အမိန့်ပေးတာမဟုတ်ပါဘူး။ အသည်းထဲမှာ ဆိုက်တိုကိုင်း (cytokine) လို့ခေါ်တဲ့ ဇီဝဓါတုဗေဒ ပစ္စည်းတွေ ထုတ်ပေးလိုက်ပါတယ်။ အဲဒီ ဆိုက်တိုကိုင်းတွေဟာ အသည်းဆဲလ်တွေအတွက် သေမိန့်ပါပဲ။ လူ့ကိုယ်ထဲမှာ ဆိုက်တိုကိုင်းတွေ အများကြီးရှိတဲ့အထဲက သေမိန့်ဆိုင်တိုကိုင်းနဲ့ တွေ့ရင် အသဲဆဲလ်ဟာ ကိုယ့်ဘာသာကိုယ် သတ်သေရပါတယ်။ အေပေါ့ပ်တိုးဆစ်(စ်) ကို ဆူအီဆိုက်လို့ ဘာလို့ ခေါ်တာလဲဆိုတော့ အေပေါ့ပ်တိုးဆစ်(စ်) နည်းနဲ့ သေတဲ့ဆဲလ်တွေဟာ ပေါက်ကွဲပျက်စီးမှုမရှိဘဲ သူ့ဘာသာသူ ဆဲလ်အတွင်း ပစ္စည်းတွေ အလုပ်မလုပ်ဘဲ တဖြည်းဖြည်းနဲ့ ရှုံ့ပြီး သေသွားတာပါ။ ဒါကြောင့် အေပေါ့ပ်တိုးဆစ်(စ်)နည်းနဲ့ ဆဲလ်တွေသေရင် ဘေးပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘူး၊ အသည်းမရောင်ဘူး ပေါ့။ အေပေါ့ပ်တိုးဆစ်(စ်) သေနည်းဟာ အသည်းအတွက် မရှိမဖြစ်လိုအပ်တဲ့ နည်းစနစ်တစ်ခုပါ။ ဒီနည်းနဲ့ အသည်းဟာ သူ့အထဲမှာရှိတဲ့ ဆဲလ်အရည်အတွက်ကို ကန့်သတ်ထားပြီး အသည်းကင်ဆာ မဖြစ်အောင် ကာကွယ်ထားတာပါ။ ဆဲလ်တွေ ပိုလာရင် အေပေါ့ပ်တိုးစစ်(စ်) နည်းနဲ့ မင်းတို့ ကိုယ့်ဘာသာ သတ်သေကြဆိုပြီး အမိန့်ပေးလိုက်တာပါ။

မှတ်သားဖို့ရာ
၁။    အသည်းထဲမှာ လိုအပ်တဲ့ ဆဲလ်ပမာဏထက် မကျော်လွန်အောင် အသည်းဟာ သေနည်း နှစ်နည်းနဲ့ ထိန်းထားပါတယ်။
၂။    နီခရိုးဆစ်(စ်) သေနည်းကတော့ သတ်ဖြတ်လိုက်တာပါ။ အသတ်ခံရတဲ့ အသည်းဆဲလ်ဟာ  ပေါက်ကွဲပျက်စီးပြီး အတွင်းပစ္စည်းတွေ လွင့်စင်ထွက်ကုန်ပါတယ်။
၃။    အေပေါ့ပ်တိုးဆစ်(စ်) သေနည်းကတော့ အသည်းဆဲလ်တွေ ကိုယ့်ဘာသာ သတ်သေကြရတာပါ။ ဆိုက်တိုကိုင်းသေမိန့်ရတာနဲ့ အသည်းဆဲလ်တွေဟာ အလိုလိုနေရင်း ရှုံ့ပြီး သေကြရပါတယ်။
၎။    အသည်းဟာဆဲလ်ပွားနှုန်းများပြီး ကင်ဆာမဖြစ်အောင် အေပေါ့ပ်တိုးဆစ်(စ်) သေနည်းကို သုံးပြီး ထိန်းထားပါတယ်။ အေပေါ့ပ်တိုးဆစ်(စ်) နည်းပျက်သွားရင် အသည်းကင်ဆာဖြစ်မှာပါပဲ။

ပါမောက္ခခင်မောင်ဝင်း (အသည်း)




No comments:

Post a Comment